Friday, 15 February 2013

ကြည့် မှန် တစ်ချက်


 

ကြည့် မှန် တစ်ချက်

 
ဘဝ သင်္ချာအတွက် ပေတံ တိုင်းမှာ

ကိုယ့် ကိုယ်ပိုင် အတိုင်း အထွာ ရှိသလို

လူတွေအတွက် အသိစိတ်တိုင်းမှာ

ကိုယ့် ကိုယ်ပိုင် အတိုင်း အထွာ ရှိတယ်...။


ကိုယ့် အတိုင်း အထွာတွင်းမှာ

ကိုယ် ဘာလုပ်သင့်သလဲဆိုတာ

ကိုယ်ပိုင် ဆုံးဖြတ်ကြတာ သဘာဝပဲလေ...။


ကိုယ့် ခင်းကျင်းတဲ့ ဇာတ်ခုံထဲ

ကိုယ့် ဇာတ်ကောင်တွေကို မူမှန် လမ်းမှန်နဲ့

ကိုယ်စီ လျှောက်လှမ်းတယ်ဆိုပေမဲ့

ဘဝမှာ မမှားဖူးတဲ့ သူမရှိကြဘူး

အပြစ်တွေသာ ပုံချပြီး

ပြင်လို့ မရတဲ့ သူလို့ ပြောနေမည့်အစား

ပြင်စရာရှိရင် ပြင်ပေးလိုက်ပါ...။


ဝေါဟာရတ္ထနှင့် အဓိပ္ပာယတ္ထ

မကွဲပြားသေးတဲ့ ကောင်းကင်အောက်

ပညတ်သွားရာ ဓာတ်သက်ပါသလို

သူ အမှန် ကိုယ် အမှန်နဲ့

ငြင်းခုံမှုတွေ စီးဆင်း

တစ်ယောက်က နေ့

တစ်ယောက်က ည

အသုံးအနှုန်းတွေ ကွာဟ

သဘာဝက သက်ရောက်မှုတွေ

အထင်သား ဖြစ်ပါလျက်

ဘောင်နှစ်ခု ခတ်ထားတဲ့ မြစ်တစ်စင်းထဲ

ဘာမှ ထူးလာမှာ မဟုတ်ဘူးလေ...။


ဒါပေမဲ့....

ဓာတ်ပုံတစ်ခုကို ဘောင်သွင်းထားရင်

အဲဒီ ဘောင်က အံဝင်ခွင်ကျ ဖြစ်မှ

အံဝင်ခွင်ကျ မဖြစ်တဲ့ တနေ့

ကိုယ့် ဓာတ်ပုံလည်း ပုံမှန် မဟုတ်သလို

ဘောင်ထည့်လည်း အဆင်ပြေမှာ မဟုတ်ဘူ....။

Sunday, 10 February 2013

မြန်မာတို့ ရင်ထဲက မှတ်တမ်း (ဒုတိယပိုင်း)


မြန်မာတို့ ရင်ထဲက မှတ်တမ်း (ဒုတိယပိုင်း)


၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့မှာ ကျင်းပသော အိန္ဒိယ အမျိုးသား လွှတ်တော် အစည်းဝေးသို့ သူ တက်ရောက်ခဲ့ပေမဲ့ ဗြိတိသျှတို့ကို သခင်တို့က ပုန်ကန် အားထုတ်သဖြင့် သူ့ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည့်အတွက် ရှောင်တိမ်းနေခဲ့ရပြီး နောက်ဆုံးတော့ နိုင်ငံခြားသို့ ထွက်ခွာခဲ့ရပါတယ်။ အစောပိုင်းက သူသည် တရုတ်ပြည်သို့သွား၍ တရုတ်ကွန်မြူးနစ်တွေဆီ အကူညီတောင်းရန် ရည်ရွယ်ခဲ့သော်လည်း ဂျပန်စစ်တပ် ပြည်သိမ်းတပ်များက သူ့ကို အမွိုင်မြို့တွင် ကြားဖြတ် တားဆီးပြီး ဂျပန်ပြည်သို့ သွားရန် တိုက်တွန်းခဲ့ပါတယ်။


၁၉၄၁ ခုနှစ်တွင် သူသည် ဂျပန်မှ မြန်မာပြည်သို့ ပြန်လာခဲ့ပါတယ်။ သူသည် ဖူမီမာယိုကိုနိုး အစိုးရဆီက လက်နက်နှင့် ငွေကြေး ထောက်ပံ့မည်ဆိုတဲ့ ကတိကို ရရှိခဲ့ပါတယ်။ နောက်ပိုင်း စစ်သင်တန်းတက်ဖို့ရန် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်တွေနှင့်အတူ ဂျပန်ပြည်ကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။

၁၉၄၂ ခုနှစ် မတ်လမှာ နှစ်ပေါင်းများစွာ အင်္ဂလိပ် လက်အောက်သို့ ရောက်နေသော မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်သည် ဂျပန်၏ လက်အောက်သို့ ကျရောက်သွားခဲ့ပါတယ်။ စက်တင်ဘာလ (၆) ရက်နေ့တွင် သူသည် ဒေါ်ခင်ကြည်နှင့် လက်ထက်ခဲ့ပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာဖြစ် သင်တန်းတွင် သေနင်္ဂဗျူဟာ အကြောင်းကို ဟောပြောခဲ့ပါတယ်။

၁၉၄၃ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင်ဖြစ်သော အကာလှပသော ရွှေရည်စိမ် လွတ်လပ်ရေးကို ကြေငြာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး သူ၏ တပ်မတော်ကိုလည်း ဗမာ့ အမျိုးသား တပ်မတော် (B.N.A) Burmese National Army ဟု ပြောင်းလွဲ ခေါ်ခဲ့ကြပါတယ်။ သို့သော် ဂျပန်တို့နှင့် ပူးပေါင်း၍ မဟာမိတ် ပြုလုပ်မှုကတော့ ရေရှည် ကြာကြာမခံပါ။ နောက်ပိုင်း သူသည် ဂျပန်များပြောသော လွတ်လပ်ရေးကို သံသယဝင်လာသည့် အပြင် ဗမာပြည်သူ ပြည်သားတွေကို ဆက်ဆံသည့် အပြုအမူတွေကိုလည်း မနှစ်မြို့ခဲပါ။ ဂျပန်တပ်များ မဝင်ရောက်ခင် ဖက်ဆစ်တို့၏ ရန်စွယ် အန္တရာယ်တို့ကို ကြိုတင် သတိပေးခဲ့သော ဗမာ့ကွန်မြူနစ်ခေါင်းဆောင်များဖြစ် ကြသည့် ဒေါက်တာသန်းထွန်း၊ သခင်စိုးတို့၏ အကူညီဖြင့် သူသည် ဖက်ဆစ်ဂျပန်တို့အား တိုက်ထုတ်ရန် အန္ဒိယပြည်ရှိ ဗြိတိသျှ အာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှိုဝှက်အစီစဉ်များကို ရေးဆွဲခဲ့ပါတယ်။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဘီ.အန်.အေ တပ်ကို ဦးဆောင်ပြီး ဖက်ဆစ်ဂျပန် ကျူးကျော်သူများကို မဟာမိတ်များနှင့် ပူးပေါင်းကာ ဗမာ့မြေပေါ်က တိုက်ထုတ်ခဲ့ပါတယ်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ ဟု သတ်မှတ်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ တော်လှန်ရေးနေ့ကို ပြောင်းလွဲ၍ တပ်မတော်နေ့ ဟု ခေါ်လာခဲ့ပါတယ်။

၁၉၄၅ ခုနှစ် မေလ (၆) ရက်နေ့တွင် ဗိုလ်ချုပ်စလင်းနှင့် ပထမအကြိမ် စတင် တွေ့ဆုံခဲ့ပါတယ်။ ဇွန်လ (၂၀) ရက်နေ့တွင် အင်္ဂလိပ်စစ် သင်္ဘော ကမ်ဘာလင် (H.M.S Cumberland) ပေါ်၌ အခြားနိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ ဆာ ဒေါ်မန်စမစ်နှင့် တွေ့ဆုံခဲ့ပါတယ်။ သြဂုတ်လ (၁၉) ရက်နေ့ နေသူရိန် အစည်းဝေးတွင် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ သြဂုတ်လ (၂၉) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့် အရှေ့အနောက်အသင်း (East and West Association) မှာ အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ (၄) ရက်နေ့တွင် အရှေ့တောင် အာရှဆိုင်ရာ စစ်သေနာပတိဖြစ်သော လော့မောင်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက် တည်တန့်ရေးအတွက် သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေဝင်း၊ ဦးဘဖေတို့နှင့်အတူ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) ကန္ဒီမြို့သို့ သွားရောက်ခဲ့ပါတယ်။