Wednesday, 2 January 2013

ရွှေအိုရောင်လွှမ်းသော ဘဝတစ်ခု


ရွှေအိုရောင်လွှမ်းသော ဘဝတစ်ခု


သဘာဝတရားရဲ့ နိယာမများ

ဘောင်မခတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အတူ

တစိမ့်စိမ့်ကျနေတဲ့ ဆောင်းဥတုတွင်းက

နှင်းစက် တစ်စက်ချင်းရဲ့

ပဲ့တင်သံတွေ လွတ်လပ်စွာ စီးဆင်းသလို

တော တောင် ရေ မြေ

သဘာဝတွေထဲ ဘဝပန်းချီကား တစ်ချပ်

ဘောင်မခတ်ထားတဲ့ စုတ်တံတွေနဲ့

လွတ်လွတ် လပ်လပ် ရေးဆွဲချင်ပါရဲ့....။


တကယ်လည်း...

အတ္တမဆန်တဲ့ တံခါးတစ်ချပ်

သမိုင်းစာမျက်နှာမှာ ဖွင့်ဟထားတယ်..

အချိန်ရရင် စဉ်းစားကြည့်ပါ...

ပါးစပ်ပိတ်နေတဲ့ မြို့ပြတွင်း

ကြွက်တွေက သောင်းကျန်လို့

မြေအောက်ကမ္ဘာမှာ ရောဂါတွေ ထူထပ်

ကုသမရတဲ့ နိမိတ်ဆိုးတွေက

အတွင်းမှာ လှိုက်စားရင်း

ရွှေအိုရောင် အလင်းတန်းလေး

ပျောက်ဆုံးသွားမှာ ဆိုးကြောက်မိတယ်..။


မဖြစ်ခင်က သိပါ...

သဘာဝက တိုင်းတာထားတဲ့

အတိုင်းအတာ တစ်ခုရဲ့

အနိမ့် အမြင့် ပေတံဆိုတာ

လူတွေရဲ့ တိုင်းတာမှု တစ်ခုပါ

ကွာဟနေတဲ့ အချိန်ဆိုတာ

နိုင်ငံတစ်ခုနှင့် တစ်ခု မတူညီမှုပါ

ကိုယ်ဘက်က တိုးတက်မှု ရှိသလို

မတိုးတက်တာလည်း ရှိလိမ့်မှာပေါ့

သေခြာတာက ကိုယ် စိုက်တဲ့ သစ်ပင်မှာ

ကိုယ်ပိုင် ခံစားရမည့် အသီး အပွင့်တွေ

ပွင့်လာမှာ အမှန်ပဲလေ....။


ဒါပေမဲ့...

ဘဝဥယျာဉ်ထဲ မျိုးစေ့တစ်ခုကို

ပင်ပင်ပန်းပန်း ခွန်အားတွေနဲ့

မမောမပန်းပဲ စိုက်ထူထားပါရဲ့

အထက်ကောင်းကင်မှာ မာရသွန် ပြေးနေတဲ့

လေပြေရိုင်းတွေက နမ်းရှိုက်

ယိုင်လုနီး ဖြစ်နေတဲ့ ပန်းတစ်ပွင့်ဟာ

ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းတဲ့

စာချွန်တစ်ခု ဖြစ်နေမလားဆိုတာ...။



သို့သော်...

ပန်းတစ်ပွင့်တော့ မဟုတ်ပါဘူး..

ခက်ထန်ထန် တိုက်ခိုက်နေတဲ့

လေမုန်တိုင်းက ပါးနှစ်ဖက်ကို ရိုက်ခတ်

အသွင်မတူတဲ့ မြစ်တစ်စင်းက

တရွေ့ရွေ့ စီးဆင်း

တရွေ့ရွေ့ တိုက်စား

မာယာများတဲ့ မြစ် ချောင်း အင် အိုင်တွေမှာ

နေ့စဉ် ခိုင်မာတဲ့ ဘောင်ကုတ်ထားပါလျက်

ဒီတက်လာတိုင်း ပြိုကျ

မညီညာ အိုဟောင်းနေပေမဲ့

အစားထိုး ပေါင်းစည်းရန် ခက်ခဲလှတဲ့

ဟိုဘက်ကမ်း ဒီဘက်ကမ်းက

အလွှာနှစ်ခုကြား ချိတ်ဆက်မည့်

တံတားတစ်စင်း တည်ဆောက်ချင်တယ်

ဒါဟာ... ရွှေအိုရောင်လွှမ်းသော ဘဝတစ်ခုပဲ..။


တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment