မဟာလူသားရဲ့ ဓမ္မစက်အစ ဝါဆိုလ
သင်္ချေလေးရပ် တသိန်ထက်မှစ၍ ပါရမီဆယ်ပါး
အပြားသုံးဆယ်တို့ကို မနားမနေ ဖြည့် ကျင့်တော်မူပြီးနောက်၌ ဘိုးတော်အဉ္ဇန
သက္ကရာဇ်ဖြိုချပြီး နှစ်ပေါင်းတော်တော် ကြာသောအခါ လူတို့ သမုတ်အပ်၊ လူတို့
အလေ့အမြတ် ပြုအပ်သော ဘုရင်တဆူဖြစ်သော မင်းသုဒ္ဓေါဒန နန်းတက်လာခဲ့သည်။
နောက်နှစ်များစွာကြာမြင့်လာသောအခါ
မင်းကြီး သုဒ္ဓေါဒနနှင့် မဟာမယာဒေ၀ီတို့၏ လယ်ယာမြေ ကောင်းသဖွယ်ဖြစ်သော
ဥယျာဉ်တွင်းမှာ သိဒ္ဓတ္ထကုမာရ ဟုဆိုအပ်သော ကုမုဒြာကြာ ပန်းကလေး တစ်ပွင့်
ပြိုင်ဘက်မရှိ လှပစွာ ပွင့်ထွန်း ထွက်ပေါ်လာခဲ့သည်။ ထိုပန်းကလေး တပွင့်၏
ရနံ့တို့ဖြင့် ဖခင် ဘုရင် သုဒ္ဓေါဒနသည် အရမ်းကို ကြည်နူးခဲ့ရသည်။
ထိုကုမုဒြာပန်းကလေး မွေးဖွားမူကြောင့် အရမ်းဝမ်းသာနေသလို အရမ်းလည်း
ဝမ်းနည်းမဆုံး ဖြစ်ခဲ့ရသည်။ ၀မ်းနည်းခြင်း၏ အကြောင်းမှာလည်း ချစ်လှစွာသော
ကြင်ယာတော် မဟာမာယာဒေ၀ီ မိဖုရားခေါင်ကြီး နတ်ရွာစံသွားသောကြောင့် ဖြစ်သည်။
မည်သို့သောအကြောင်းကြောင့် မင်းကြီး စိတ်သောက ရောက်နေ သည် မည်သူမှ
မသိသော်လည်း မင်းကြီး၏ ပူဆွေးနေသော နှလုံးအိမ်နှင့် လစ်ဟာနေသော
မိဖုရားကြီး၏ နေရာကို ကြည့်လျှင် သိနိုင်ပါ သည်။
လောကတွင် မည်သို့သော ယောင်္ကျားသည်
အိမ်ထောင်သည် ဘ၀သို့ ရောက်ရှိသွားသောအခါ ထိုအိမ်ထောင်သည် ဘ၀ကို
မြတ်နိုးခြင်း တက်မက်ခြင်း ကာမရာဂဖြင့် တည်ဆောက်ထားခြင်းကြောင့် မိမိ၏
ကိုယ်ပိုင်ပုံရိပ် အိမ်ရိပ်တွင် ခွန်အားဖြစ်စေသော ဇနီးသည် မရှိလျှင်
မျက်လုံးတဖက် မရှိသော လူတယောက် အသွင်သို့ ရောက်သွားသကဲ့သို့ ဖြစ်သည်။
မင်းကြီးလည်း ထိုနည်းအတူ မိမိ၏ ကြင်ယာတော် ချစ်ဇနီး သူ့ဘ၀ထဲက ထွက်ခွာကာ
နတ်ရွာစံခဲ့သည့်အတွက်ကြောင့် စိတ်သောက ဗျာပါဝေလျက်ပင်ဖြစ်ခဲ့သည်။
သို့သော် သူ့၏
လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ဥယျာဉ်ထဲတွင် သိဒ္ဓတ္ထကုမာရ မင်းသားကို အစားထိုး
ချစ်မဆုံးသော အကြင်နာ တရားတွေနဲ့ ယုယထွေးပိုက်ကာ တသသ ရင်မှာလှိုက်သော ပီတိ
အပြုံးတွေဖြင့် ပျော်မဆုံး ဖြစ် ခဲ့ရသည်။ တနေ့သောအခါ မင်းဆရာဖြစ်သော
ရသေ့ကြီးတပါး နန်တော်အတွင်းသို့ ကြွလာခဲ့သည်။ ရသေ့သည်
သင့်သင့်လျှောက်ပတ်သော နေရာ၌ နေထိုင်သီတင်း သုံးနေစဉ်တွင် လူမမယ်
ကလေးလေးဖြစ်သော မင်းသားလေး သိဒ္ဓတ္ထသည် ရသေ့ကြီး၏ ဦးခေါင်းထိပ်သို့
တက်ရောက်နေသည်။
ရသေ့ကြီးသည်လည်း အံသြဘနန်းဖြစ်၍
ဖော်မပြနိုင်သော သောကတွေ ရင်လှိုက်သည်းလှိုက် ခံစားရင်း စက္ခူနှစ်ကွင်း
အလင်းရောင်၏ အရှေ့တွင် မျက်ရည်စီးကြောင်းလေးများ တသွင်သွင် စီးနေမိသလို
သူတော်စဉ် ပုလဲမျက်ရည်လေးများ မြေပါးပြင်ပေါ်သို့ ခစားလာရသည်။ ထိုအချိန်မှာ
ဘုရင်ကြီးလည်း အကြောင်းစုံ သိချင်သောကြောင့် ဆရာရသေ့ကြီးကို
မေးလျှောက်ကြားလိုက်ပါသည်။ ရသေ့ကြီးက “အခုလို အရှင်မင်းကြီး၏
လယ်ယာမြေကောင်းသော မြေကွက်ပေါ်မှာ ဥယျာဉ်လည်းကောင်း
ဥယျာဉ်မှူးလည်းကောင်းသဖြင့် အရှင်မင်းကြီး၏ ရင်သွေးဖြစ်သော သိဒ္ဓတ္ထကုမာရ
မင်းသားလေးတည်းဟူသော ကမ္ဘာ့ပန်းကောင်းလေး တစ်ပွင့် ပွင့်ထွက်လာခြင်းက
အလွန်ကံကောင်းလေစွ တကား၊
နောင်လာမည့် အနာဂါတ်မှာလည်း မင်းစကြာ
သို့မဟုတ် လောကသုံးတို့ အတုလပိုင်ရှင်လည်းဖြစ် လူသားတို့၏ အလေ့ဂရုပြု
အပ်သော လောကသား အားလုံးတို့၏ သုံးလူသနင်း တရားမင်းတဆူ ဖြစ်လိမ့်မည်
ထိုအကြောင်းသည် စင်စစ်ဧကန်ပင်ဖြစ်သည်”။ ရသေ့ကြီးသည် မင်းကြီးအား
မျက်ဝန်းအိမ်က မခြောက်သေးသော မျက်ရည်နဲ့ ကြည့်ရင်း တုန်ခါနေသော
နှုတ်ခမ်းပါးအစုံက ပြောပြနေ သည်။ မင်းကြီးလည်း အဲဒီအကြောင်းကို သိရှိ၍
သားတော် သိဒ္ဓတ္ထကုမာရကို ကြည့်ရင်း လွန်စွာ ၀မ်းမြောက်ခဲ့သည်။
သက်တမ်းအားဖြင့် ကြီးရင့်လာသဖြင့်
နောင်ဆယ်နှစ်ကျော် နှစ်ဆယ်လောက် ကာလသာ နေရမည့် ရသေ့ကြီးသည် “ငါသည်
လောကထွက်ထား သုံးလောကသနင်း တရားမင်း ဖြစ်သော ဘုရားရှင်ကို ဖူးမြင်ရတော့မည်
မဟုတ်ပါ” ဟု အတွေးအိမ် မှာ တွေးတောရင်း မျက်ရည် ဖြေမဆည်သာ၍ တဖန်
နှလုံးအိမ်မှာ မိုးထစ်ချုန်း ရွာချလာသဖြင့် စက္ခူအိမ် ရေလမ်းကြောင်းမှ
တသွင်သွင် စီးကျလာခဲ့သည်။
ရသေ့ကြီးသည် ကြိုတင်ကာ အလောင်းတော်
သိဒ္ဓတ္ထကုမာရ မင်းသားလေးကို လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်းဖြင့်
ပီတိသောမနဿ ထုံလွှမ်းကာ ၀မ်းမြောက်ခြင်း သီတာမျက်ရည်တို့
တဖန်စီးဆင်းနေခဲ့သည်။ နောင်နှစ်ပရိစ္ဆေဒ အနည်းငယ် ကြာလွန်သောအခါ
မင်းကြီးသည် တိုင်းပြည်ရှိ တိုင်းသူတိုင်းသားများဖြစ်သော ပညာရှိ
ပုရောဟိတ်တို့ကို ကြေညာမောင်းတီး၍ ဆင့်ခေါ်ကာ သားတော် သိဒ္ဓတ္ထမင်းသားလေး ၏
လက္ခဏာကြီးငယ်တို့ကို ကြည့်ရှုဖတ်ခိုင်းခဲ့သည်။
အဲဒီခေတ် မဇ္ဈိမတိုင်းနိုင်ငံရှိ
နာမည်ကျော် ပုရောဟိတ် ငါးဦးတို့သည် မင်းသားလေး၏ လက္ခဏာကြီးငယ်ကို
ဖတ်ကြပြီး လေးယောက်သော ပုဏ္ဏားတို့သည် စကြာမင်း သို့မဟုတ် ကမ္ဘာသူ
ကမ္ဘာသားတို့၏ ဦးခိုက်ရာ သုံးလူသနင်း တရားမင်း ဖြစ် လိမ့်မည်ဟု
ဟောကြားခဲ့ကြသည်။ သို့သော် ကောဏ္ဍည ပုဏ္ဏားလေးသည် လောကသုံးပါး တို့၏
အလေ့ဂရုပြုအပ်သော ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု တခုတည်းသော အဖြေဖြင့်
ပြောကြားခဲ့သည်။
မင်းကြီးသည် ထိုအကြောင်းအရာအားလုံးကို
သိတော်မူသောအခါ မိမိ၏ သားတော်ကို လိုလေသေးမရှိအောင် ဖခင်တို့
ချစ်ခြင်းမေတ္တာဖြင့် လိုအပ်တာမှန်သမျှနှင့် အရွယ်ရောက်သောအခါမှာလည်း
ဘဒ္ဒကဉ္ဇနဟု ခေါ်သော ယသော်ဓရာ မင်းသ္မီးနဲ့ မိဘတို့ ၀တ္တရားအတိုင်း
ထိမ်းမြားပေးခဲ့သည်။ ထို့အပြင် မင်းကြီးသည် သားတော်ကို ချစ်မြတ်သဖြင့်
ရွှေနန်းကြီး သုံးဆောင်ဖြင့် ထားခဲ့သည်။ ထိမ်းမြားပြီး နှစ်
အနည်းငယ်ကြာသောအခါ မင်းသိဒ္ဓတ်နှင့် ဘဒ္ဒကဉ္ဇနမင်းသ္မီးတို့၏ သားဦးရတနာလေး
ရာဟုလာကို မွေးဖွားပေးခဲ့သည်။
သိဒ္ဓတ္ထမင်းသားသည် အသက်အားဖြင့်
နှစ်ဆဲ့ကိုးနှစ်သို့ ရောက်သောအခါ နိမိတ် ကြီးလေးပါးကို တွေ့မြင်ခဲ့သလို
လောကဦးရည်ဖြစ်သော ကာမဂုဏ်၏ သကာရည်ကို ရွံ့ရှာသဖြင့် တောထွက်ခဲ့သည်။ သူ့၏
ချစ်ခင်လှစွာသော ဇနီးနှင့်သားကို စွန့်လွတ်သွားခြင်းသည် လောက လူသားတို့
သဘာဝအလျှောက် မကောင်းသော်လည်း အနာဂါတ် လျှောက်လှမ်းမည့် မိမိရင်၌
မလွယ်ရသော်လည်း ဓမ္မရင်၌ လွယ်၍ မွေးပေးရသော သားသ္မီးအတွက် ကောင်းစေဖို့
လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုကြောင့်လည်း မင်းသိဒ္ဓတ်သည်
အနော်မာသောင်ကမ်းမှ ဥရုဝေလတောသို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ အခြားတဖက်၌လည်း
အိုမင်းတရား၏ ထံသို့ခြင်းကပ်နေသော မင်းတရား သုဒ္ဓေါဒနသည် သားတော်ကို
မည်သို့ သော အကြောင်းရာများဖြင့် တားစီးခဲ့သော်လည်း တားစီးခွင့်
မရှိသောကြောင့် သားတော် ပျောက်ခြင်း မလှ ပျောက်သွားသောကြောင့် ပူဆွေးခြင်း
သောကတွေ ရင်မှာပိုက်လို့ သားတော်ကို ရှာပုံတော် ဖွင့်ခဲ့ရသည်။
နှစ်တွေအလီလီ ကြာညောင်းသော်လည်း
သားတော်၏ ခြေရာတောင် မတွေ့ခဲ့ရသဖြင့် ဝေဒနာတွေ ရင်ထုကာ ပူဆွေးခြင်း
ဝမ်းနည်းခြင်း သောကတွေနဲ့ စားမ၀င် အိပ်မပျော်ခဲ့သော ညတိုင်း မျက်ရည်ဖြင့်
ရွှေကုတင်ပေါ်မှာ မျောခဲ့ရသည်။ အချိန်ကာလတွေ ကုန်ဆုံးလို့
နှစ်ဟောင်းတွေပြောင်း နှစ်သစ်မှာ ရွက်သစ် ဝေဆာသော တစ်နှစ် ခရီးသည်
ကုန်ဆုံးခဲ့ရသည်။ ထိုအချိန်မှာ သားတော် မင်းသိဒ္ဓတ်သည် ဥရုဝေလတောတွင်
ရသေ့ရဟန်းပြုပြီး၍ ဒုက္ကရစရိယ အကျင့်တရားကို အားထုတ်နေခြင်း ဖြစ်သည်။
ထိုအကျင့်တရား များသည် လွန်စွာပင်ပန်းဆင်းရဲလှသဖြင့် မိမိ၏ ခန္ဓာကိုယ်သည်
ပိန်ချုံးသကဲ့သို့ အရိုးပေါ် အရေတင် ဖြစ်ခဲ့ရသည်။
ခြောက်နှစ်သို့ ရောက်သောအခါ
အတ္တလွှမ်းမိုးသော ထိုအကျင့်တရား၏ အကြောင်းအရာများကို ကောင်းစွာသိဖြင့်
အတ္တဆန်သော အကျင့်တို့ကို စွန့်လွတ်ကာ အကျင့်မြတ်ဖြစ်သော
အလယ်အလတ်လမ်းစဉ်ဖြစ်သော မဂ္ဂင်ရှစ်ပါး၊ (၁) သမ္မာ ဒိဋ္ဌိ= ကောင်းမြတ်
စင်ကြယ်သော သိမြင်မှု။ (၂) သမ္မာ သင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။ (၃)
သမ္မာ ၀ါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။ (၄) သမ္မာ
ကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။ (၅) သမ္မာ အာဇီဝ=ကောင်းမြတ်စင်ကြယ်သော
အသက်မွေးမှု။
(၆) သမ္မာ
ဝါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။ (၇) သမ္မာ သတိ=ကောင်းမြတ်စင်ကြယ်သော
အောက်မေ့မှု။ (၈) သမ္မာ သမာဓိ=ကောင်းမြတ်စင်ကြယ်သောတည်ကြည်မှု တို့ဖြစ်သည်။
ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။
သစ္စာလေးပါးကား-
(၁) ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ။ (၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော
သမုဒယသစ္စာ။ (၃) ဆင်းရဲချုပ်ငြိမ်းရာ အမှန်ဟူသော နိရောဓသစ္စာ။ (၄)
ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော မဂ္ဂသစ္စာ-စသည်တို့ကို
ကျင့်သုံးသဖြင့် သက်တော် ၃၅ နှစ်၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် လောကသုံးပါး၌
ဘုရားမြတ် ဘဂ၀ါ ပိုင်ရှင် တရားမင်း တဆူ ဖြစ်ခဲ့သည်။ ဒီလောက ဒီကမ္ဘာကြီး
အတွက် ကမ္ဘာ့ပန်းတစ်ပွင့် လည်းဖြစ် တရားမင်းတဆူလည်းဖြစ်သော ဘုရားရှင်သည်
ထိုအချိန်မှစ၍ ပေါ်ပေါက်လာခဲ့သည်မှာ မည်သူ မှ ငြင်းဆိုခြင်းငှာ
စွမ်းနိုင်မည် မဟုတ်ချေ တကား။
ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါဥဒါန်းကျူးရင်းတော်မူခဲ့သည်မှာ အောက်ပါ အတိုင်းဖြစ်သည်။
“အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။”
“ဖြစ်ခြင်းများစွာ သံသရာထဲ၊
မသိဘဲ ပြေးလွှားခဲ့ရ။
အိမ်ဆောက်သူလက်သမားကို ဖွေရှာရင်း၊
ဖြစ်ခြင်းတွေသာ ဖန်တစ်ရာ ဆင်းရဲခဲ့ ။
ဟေ့ လက်သမား သင့် ငါမြင်ပြီ ၊
သင် အိမ်သစ်ဆောက်ခွင့် မရတော့
သင့်အိမ်နံရိုးတွေ ငါချိုးဖျက်ခဲ့ပြီ ၊
သင့်အိမ်အထွဋ်ကို ငါပယ်ချွတ်ခဲ့ပြီ။
ပြုလုပ်ခြင်းကင်းရာဆိုက်ကပ်ခဲ့ ငါ့စိတ်၊
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဥတုဝသန္တ
ဝါဆိုလပြည့်နေ့ လောကသနင်းဖြစ်သော ဘုရားရှင်သည် မိမိသိရှိလာသော ချမ်းသာမှု
အားလုံးကို မိမိ၏ ပထမဦးဆုံး ပဉ္စဝဂ္ဂီရသေ့ညီနောင် ငါးဦးကို တရားဦးဖြစ်သော
ဓမ္မစက္က ပဝတ္တန သုတ္တန်ကို ဟောဖော်ညွန်ကြားသဖြင့် ထိုတရားတော်၏ အဆုံးတွင်
လောကကြီး၏ ချမ်းသာအစစ်ကို ကောဏ္ဍညရသေ့လေးမှ သိရှိနားလည် သဘောပေါက်သဖြင့်
ဘုရားရှင်၏ တရားတော် အမွေအနည်းငယ်ကို ရရှိ၍ သောတာပန်ဖြစ်ခဲ့ပြီး အနတ္တလက္ခဏ
သုတ္တန် ဟောကြားတော်မူသော များမကြာခင် နိဗ္ဗာန်ချမ်းသာကို ရရှိခဲ့သည်။
အရှင်ကောဏ္ဍည ရဟန္တာဖြစ်ပြီးနောက်တွင် အစဉ်အတိုင်း ကျန်ရှိနေသော
ရသေ့လေးပါးတို့ နိဗ္ဗာန်ချမ်းကို ရရှိခဲ့ကြသည်။
တနည်းပြောရလျှင် ဓမ္မစကြာတရားတော်ကို
မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် တော၌ မဟာ သက္ကရာဇ်
၁၀၃ ခုနှစ် ဝါဆို လပြည့်နေ့ နေဝင် လထွက် အချိန်၌ ပဉ္ဓဝဂ္ဂီ ငါးဦး တို့အား
ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါ
ပါဠိတော်၌ ပဉ္ဓဝဂ္ဂယကထာ အမည်ဖြင့် လာရှိပါသည်။ ပဋ္ဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌
“ဓမ္မစက္က ပဝတ္တန ဝါရ” အမည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၌
“ဓမ္မစက္က ပဝတ္တန သုတ္တ” အမည်ဖြင့် လာရှိပါသည်။
ဓမ္မစက္က ပဝတ္တန၏
အဓိပ္ပါယ်မှာ-တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော် မူခြင်းဟု
အဓိပ္ပါယ် ရပါသည်။[ဓမ္မ= တရားတော် + စက္က=လည်စေခြင်း + ပဝတ္တန=ဖြစ်စေ၊]
ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါး တရားကို ညွှန်းဆို ဟောကြားသော ဒေသနာတော် ဖြစ်၍ ပိဋ္ဋိကတ်သုံးပုံ၏ ` အနှစ်ချုပ်တရား’ ဟု ဆိုအပ်ပါသည်။
ဓမ္မစကြာတရားတော်ကို စိစစ် သုံးသပ်
ကြည့်လျှင် လမ်းစဉ်မှား “အစွန်း နှစ်ဖက်” ကို ရှောင်ကြဉ်ရေး၊
မဇ္ဈိမပဋ္ဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး
သစ္စာလေးပါး တရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် မြတ်ဗုဒ္ဓ၏ တိကျ
ခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
၎င်းတို့အပြင် အတုလပိုင်ရှင်
ဘုရားရှင်သည် လေးဆဲ့ငါးဝါတို့ ကာလပတ်လုံး မသိသေးသော ဝေနေယျများစွာ
သတ္တဝါတွေအတွက် မနားမနေ ချမ်းသာအစစ်ဖြစ်သော နည်းလမ်းတွေကို ဟောဖော်ညွန်ပြ
ဆိုဆုံးမသဖြင့် ကမ္ဘာအသင်္ချေက ကွယ်ပျောက်နေသော အမှန်တရားများကို ရရှိ၍
ချမ်းသာ၏ နိဂုံးနိဗ္ဗာန်ကို ရောက်ခဲ့ကြသည်။ ထို့အပြင် ဘုရားရှင်သည်
သိထိုက်သော သတ္တဝါတွေကို ချမ်းသာအစစ်ဖြစ်သော နည်းလမ်းများကိုလည်း
လက်ဆင့်ပေးခဲ့သည်မှာ ယနေ့အထိတိုင်း တည်ရှိနေဆဲဖြစ်သည်။
ကမ္ဘာလောကကြီးထဲတွင် နေထိုင်ကြသော
လောကသူ လောကသားတို့ ကောင်းစွာအကျိုး စီးပွားဖြစ်ဖို့အတွက် သင်္ချေလေးရပ်
တသိန်းထက်မှ ပါရမီဆယ်ပါး အကျယ်ပွားသော် သုံးဆယ်ပါရမီတို့ ကို
ကောင်းစွာဖြည့်ကျင့်တော်မူပြီး ဘုရာဖြစ်တော်မူခဲ့သည် လောက သားတို့
ဦးခိုက်ရာအစုံဖြစ်သော လောကမျက်လုံးကြီးသည် သက်တမ်းတို
လေးဆဲ့ငါးနှစ်ကာလတွင်းမှာ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်
များမြောင်လှစွာသော ချမ်းသာအစစ်ကို တည်ကျသော နည်းလမ်းတို့ဖြင့် လိုက်နာသူ
တပည့် သာဝက ဒကာ ဒကာမတို့ကို ကမ်းလှမ်းသောလက်ဖြင့် မည်သူက ဆင်းရဲလို့၊
မည်သူက ချမ်းသာလို့၊ မည်သူက ပညာတက်လို၊့ မည်သူက ပညာမတက်လို့၊ မည်သူက
ကွာခြားသော အဆင့်တန်းရှိလို့၊ မည်သူက နိမ့်ကျလို့၊ မည်သူက ဘာသာကွဲသွားလို၊့
မည်သူက အမျိုးလိုက်လို့ စသည် မခွဲခြားပဲ တန်းတူ အမွေပေးသော
စနစ်ကောင်းဖြင့် မြတ်တရားတွေကို ဟောဖော်ညွန်ပြ ဆိုဆုံးမ၍ နိဗ္ဗာန်ချမ်းသာ
အစစ်ကို ဘ၀မောအောင် ကျိုးစား ခဲ့သမျှ တပည့် သာဝက ဒကာ ဒကာမတွေကို
ဝေငှာခဲ့သည်မှာ သင်္ချေလေးရပ် တသိန်းထက်က ပါရမီဖြည့်ကျင့်ပြီး သုံးလူသနင်း
တရား မင်းဖြစ်သော ဘဂ၀ါပိုင်ရှင်သာ ဖြစ်သည်။
ဤကဲ့သို့သော သိရှိရသော
သူတော်ကောင်းတို့သည်လည်း ဘုရားရှင် ကိုယ်တော်မြတ်၏ ဖြည့်ကျင့် ပါရမီနှင့်
အားထုတ်ခဲ့ရသော တရားတော်တို့ကို ကြည်ညိုနိုင်သလို ဘုရားရှင် ကိုယ်တော်မြတ်
လေးဆဲ့ငါးဝါတို့ ကာလပတ်လုံး ဟောကြားခဲ့ရသော တရားဓမ္မတွေကို
ဖတ်ရှုသည့်အခါတိုင်းနှင့် သိရှိသည့်အချိန်တိုင်း ဝမ်းမြောက်ပီတိဖြစ်၍
ကြည်ညိုနိုင်ပါစေလို့ ဆုတောင်းပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment