နားလည်မှုရဲ့ အခြားမဲ့မှာ
ခဏခဏ ပုံစံမကျ ဆီတွေ စိုစွတ်...
ဒဏ်ရာတွေနဲ့ ပေါက်ပြဲနေတဲ့ လမ်းမထက်မှာ...
ပေပေတေတေ လျှောက်လှမ်းရင်း...
နာကျင်မှုတွေ တဖြေးဖြေး ရင့်...
ယိုင်လဲမတတ် ယိမ်းယိုင်နေတဲ့ ခန္ဓာကိုယ်ကို...
လဲမကျသွားအောင် ထိန်းထားပါလျက်...
အမှတ်တမဲ့ ချိုင့်ဝှမ်းတစ်ခုကြောင့် လဲကျ...
ရုန်းထဖို့ အကြိမ်ကြိမ် ကြိုးစား...
ကုန်ခမ်းနေတဲ့ အားအင်များနဲ့...
ဝေဒနာတွေ နေမြင့်လာတော့လည်း...
မိုက်ခနဲ ခဏတာ မေ့မျော...
သတိဝင်လာတဲ့အခိုက်...
လောကကြီးက အမှောင်တွေ ကြီးစိုး...
လူသူမဲ့သွားတဲ့ လမ်းမထက်...
အကူညီမဲ့ လူတစ်ယောက်အတွက်...
ရေတစ်ခွက် သောက်ဖို့တောင် မရှိခဲ့...
မနိုင်မနင်း ခန္ဓာကိုယ်ကြီးဟာ...
အခုတော့ နာကျင် ကိုက်ခဲမှုတွေကြား...
ဒဏ်ရာတွေ ဗလာပွနဲ့...
အော်ဟစ်ဖို့ ကြိုးစားနေတဲ့...
ကမ္ဘာကျော် ငါ့ သံစဉ်တွေဟာ တိတ်ဆိတ်...
ပျောက်ဆုံးသွားတဲ့ ပစ္စုပ္ပန်မှာ...
အတိတ်မေ့တတ်တဲ့ ရောဂါတစ်ခုနဲ့...
မော်ဒန် ကျိန်စာတွေ သင့်ခဲ့...
နှစ်ပေါင်းများ ကျိတ်မှိတ်ခဲ့တဲ့ ဒဏ်ရာတွေကို...
ဘဝအဆင်မြင့် ဆေးရုံးကြီးမှာ ပြသဖို့...
ငါကိုယ်တိုင် ရုံတင်ပြသခဲ့ပေမဲ့...
အံကျနေတဲ့ စိတ်ဓာတ်တွေက ရိုက်ချိုးခဲ့...
အမှောင်လာပြီး အမှောင်ကို ပြန်ဖို့...
စရိတ်တွေ အသင့်ဖြစ်နေပြီဆိုတော့...
မတတ်နိုင်တဲ့အဆုံး ငါကိုယ်တိုင် နောက်ဆုတ်ခဲ့...
မနက်ဖြန် မျက်နှာမသစ်ရသေးတဲ့ လူတစ်ယောက်ကို...
ငါကိုယ်တိုင် သိချင်ဇောနဲ့ သွားမေးခဲ့တယ်...
ကြောင်တောင်တောင် ကြည့်နေတဲ့ သူ့အကြည့်ဟာ...
နားလည်လို့လား မသိလို့လားတော့ မပြောတတ်ဘူး...
ငါကိုယ်တိုင် အရူးတစ်ယောက်လို့ ဖြစ်ခဲ့တာတော့ သေချာတယ်...
တကယ် ဘာမှ မထူးတော့တဲ့ ဒီဖြစ်ရပ်တွေကို...
အချိန်ကြာကြာ အံဝှက်ထဲမှာ သိမ်းဆည်းထားပြီးမှ...
အမှတ်တမဲ့ အန်ချလိုက်တဲ့ လူတစ်ယောက်ရဲ့ စကားဟာ...
မုသားမပါ လင်္ကာမချော အလွယ်ပြောတတ်...
နောက်တစ်နေ့ မိုးမလင်းသေးတဲ့ အရုဏ်ဦးမှာ...
မော်ဒန်သကြား တစိတ်နဲ့ ရောစပ်ပြီး...
ဆန္ဒ ခါးခါးလေး တစ်ခွက်ကို သောက်သုံးမိ...
ရင်ထဲ စီးဆင်းသွားတဲ့ အရသာဟာ...
ဖော်မပြနိုင်အောင် ကောင်းလို့လား...
မခံစားတတ်လို့လားဆိုတဲ့ မေးခွန်း နှစ်ခွနဲ့...
မထူးဇာတ်ခင်းပြီး ဘဝကို လောင်းချလိုက်တာ...
မြစ်ဆုံမှာ ခေါင်းမဖော်နိုင်အောင် လူးလိမ့်...
သတင်းအစအန မရသေးတဲ့ အမ် အိတ်ခ်ျလို...
နောက်ပိုင်းလူတွေ ဝမ်းနည်းရင်း...
မျှော်တလင့်လင့် အတွေးနဲ့...
ဘယ်အချိန် ပြန်လာမလဲ...
ဘယ်နေရာ ရောက်သွားခဲ့လဲ...
ဘာတွေ ဖြစ်ခဲ့ပြီလဲ...
ဝဲဂယက်တွေ စုံလင်တဲ့ လူ့အသိုင်းအဝိုင်းထဲက...
ကောလဟလတွေအောက်မှာ ဝပ်လဲ...
ဝေဒနာ အဆင့်ဆင့် တက်ခဲ့...
ပူဆွေးမှုတွေ အကြိမ်ကြိမ်နဲ့...
နားလည်မှုတွေ ခမ်းချောက်သွားခဲ့ပြီ...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment