သံသရာကူးသူ လေးဦး
ဘဝသံသရာထဲ ခရီးသွား လေးဦး ရှိကြတယ်။
မိမိကိုယ်တိုင် အဲဒီ လေးဦးထဲက ဘယ်သူ ဖြစ်နိုင်မလဲဆိုတာ
အောက်ပါအတိုင်း ကြည့်ပြီး သေချာ စဉ်းစားကြည့်ပါ။
(၁) ပထမ တစ်ယောက်က
အမှောင်ကလာပြီး အမှောင်ကို ပြန်သွားခဲ့သူ....။
(၁) အမှောင်ကလာပြီး အမှောင်ကို ပြန်သွားခဲ့သူဆိုတာ
ဇာတိပဋိသန္ဓေ ရလာကတည်းက အကုသိုလ်ကံသတ္တိဖြင့်
မွေးဖွားပြီး နောက်ဆုံး မရဏမင်းရဲ့ လက်တွင်းသက်ဆင်းသည့်တိုင်အေ
ကာယကံအကုသိုလ် ဝစီကံအကုသိုလ် မနောကံအကုသိုလ်တွေနှင့်
တသက်လုံး နေထိုင်သွားသော သူ ဖြစ်ပါတယ်။
(၂) ဒုတိယ တစ်ယောက်က
အမှောင်ကလာပြီး အလင်းကို သွားခဲ့သူ....။
(၂) အမှောင်ကလာပြီး အလင်းကို သွားခဲ့သူဆိုတာ
အမိဝမ်းမှ ဆင်းသက်လာပြီး ဆင်းရဲတွင်းမှာ နေထိုင်ရပေမဲ့
ဆင်းရဲကင်းရာ ချမ်းသာအစစ်ကို ရှာဖွေခဲ့သလို ကာယကံ ကုသိုလ်
ဝစီကံ ကုသိုလ် မနောကံ ကုသိုလ်တို့ကို ထိန်းသိမ်း စောင့်စည်းလျက်
တသက်လုံး သမ္မာမဂ္ဂင် ရှစ်ပါးတို့ကို ထိန်းသိမ်း စောင့်စည်းကာ
အသက်ထက်ဆုံး နေထိုင်သွားသော သူ ဖြစ်ပါတယ်။
(၃) တတိယ တစ်ယောက်က
အလင်းကလာပြီး အမှောင်ကို သွားခဲ့သူ...။
(၃) အလင်းကလာပြီး အမှောင်ကို သွားခဲ့သူဆိုတာ
ချမ်းသာသော အသိုင်းအဝိုင်းမှ မွေးဖွားလာပြီး ဆင်းရဲတွင်းကို
အလွယ်တကူ ဆင်းချင်သူ ဖြစ်သလို မိမိကိုယ်၌မှာလည်း
ကာယကံ အကုသိုလ် ဝစီကံ အကုသိုလ် မနေကံ အကုသိုလ်တို့ဖြင့်
တသက်လုံး နေထိုင်သွားသော သူ ဖြစ်ပါတယ်...။
(၄) စတုတ္ထ တစ်ယောက်က
အလင်းကလာပြီး အလင်းကို ပြန်သွားခဲ့သူ...။
(၄) အလင်းကလာပြီး အလင်းကို ပြန်သွားခဲ့သူဆိုတာ
ချမ်းသာသော အသိုင်းအဝိုင်းမှာပင် မွေးဖွားလာပြီး
ကာယကံ ကုသိုလ် ဝစီကံ ကုသိုလ် မနောကံ ကုသိုလ်တို့နှင့်
ပြည့်စုံပြီး တသက်လုံး သူတော်ကောင်းတရားတို့ကို
စောင်းထိန်းကာ နေထိုင်သွားသော သူ ဖြစ်ပါတယ်...။
ဒါကြောင့် ဒီလေးမျိုးထဲက တစ်ပါးပါးတွင် လူသားတိုင်း ဖြစ်ကြသည်မှာ
အမှန်ပင်ဖြစ်ပါတယ်။ မိမိတို့ ကိုယ်တိုင်လည်း ငါသည် အဘယ်ကဲ့သို့သော
အမျိုးအစားမှာ ပါဝင်နေသလဲဆိုတာ ဆန်းစစ်နိုင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ အားလုံးက နေ့ရက်တိုတောင်းသော ကာလထဲမှာ
တဖြေးဖြေး အသက်အရွယ် ရလာကြရပါတယ်။ တကယ်တမ်း အချိန်က ကိုယ့်ကို
မစောင့်သလို ကိုယ်ကသာ အချိန်ကို စောင့်နေရမျိုးနှင့် ဇရာထောင်ချောက်ထဲ
မသိမသာ ချဉ်းကပ်ကာ လာကြပြီး ဘဝရဲ့ ဆင်းရဲခြင်း ပုံရိပ်အောက်မှာ အငှား
သုခတွေနှင့် ဒုက္ခသုက္ခတွေကို ခံစားလျက် ပျော်မဆုံးနိုင် မော်မဆုံးနိုင်အောင်ပင်
ဖြစ်ပါတယ်။
ပြီးတော့လည်း သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပင်ပန်းမှုအဖြာဖြာနှင့် တနေ့တာ
အလုပ်တွေမှာ လောဘ ဒေါသ မောဟတွေကို မိတ်ဆွေဖွဲ့ပြီး အိမ်ကိုသာ
ပြန်ရောက်လာတယ်။ အမောမပြေနိုင်အောင် အိုက်လိုက်တဲ့ အင်္ကျီကို ချွတ်ပြီး
ကုလားထိုင်ပေါ် ပတ်လက်နှင့် လက်ပန်းကျလျက် စိတ်အစဉ်ခဏမှာ
ကိုယ့်သောကနှင့် ကိုယ်ပူလောင်လွန်းလို့ တစ်ယောက်တည်း နေပေမဲ့
ကိုယ့်ကိုယ်ကို ပြန်ပြောနေသလို (ပူလွန်းလို့ပါ ဟိုဘက်နည်းနည်းတိုးပေးပါ)
ဆိုတဲ့ အတ္တနှင့် မာနရဲ့ အပြိုင်လုနေတဲ့ ခန္ဓာအိမ်ကြီးမှာ ကာမဂုဏ်စည်းစိမ်
တွေနှင့် နေ့လား ညလား လိပ်စာမသိသေးတဲ့ ရွှေငွေ ဒင်္ဂါးတွေဟာ ကိုယ့်ကိုယ်ကို
ရစ်သိုင်းလို့ အချိန်တွေသာ ကုန်သွားကြတယ်။
တကယ်လည်း ဘာမှ ဖြစ်မလာသေးဘူး။ ဖြစ်လာပြန်တော့လည်း
စိတ်ကျေနပ်လောက်အောင် ဖြစ်မလာခဲ့ပြန်ဘူး။ ဒီတော့ ကျေနပ်မှုတွေ
ရောင့်ရဲမှုတွေ တင်းတိမ်မှုတွေနှင့် ဖြည့်စွက်ပြီး ကိုယ် ကိုယ်တိုင်
အလင်းကလာပြီး အလင်းကို ပြန်သွားနိုင်မှ ဘဝသံသရာမှာ
ကိုယ် ကျန်းမာမှု စိတ် ချမ်းသာမှုတွေ ဝေဆာလျက် ကောင်းရာ သုဂတိကို
ရောက်နိုင်မည်သာ ဖြစ်ပါတယ်လို့ ရေးသားရင်း ဤနေရာတွင်
နိဂုံးချုပ်လိုက်ပါတယ်။
အားလုံး ကျန်းမာ ချမ်းသာလျက် သူတော်ကောင်းတရားများ ကျင့်ကြံပွားများနိုင်ကြပြီး၍
မိမိတို့ ရည်ရွယ်ထားသည့် ဘဝပန်းတိုင်ကို လွယ်လင့်သော
မဂ္ဂင်ရှစ်ပါးတည်းဟူသောလမ်းနှင့် လျင်မြန်သော အသိဥာဏ်ဖြင့်
မျက်မှောက်ပြုနိုင်ကြပါစေ.. .။
မဂ္ဂင်ရှစ်ပါးတည်းဟူသောလမ်းန
မျက်မှောက်ပြုနိုင်ကြပါစေ..
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment